အွန်လိုင်းကနေ လေ့လာတဲ့အခါ သတိပြုရမယ့်အချက် (၉) ချက်
ယနေ့ခေတ်မှာ ဒီပလိုမာသင်တန်းများမှအစ ဘွဲ့ရသည်အထိ သင်ခန်းစာများကို အချိန်ကုန်လူပင်ပန်းစရာမလိုဘဲ အွန်လိုင်းမှာ လေ့လာလို့ရနေပါပြီ။ သင်ဟာ အွန်လိုင်းမှာ မိမိစိတ်ဝင်စားတဲ့ နယ်ပယ်(သို့) မိမိအလုပ်နဲ့သက်ဆိုင်တဲ့ ဘာသာရပ်တစ်ခုခုကို ထိထိရောက်ရောက် လေ့လာသင်ယူချင်တယ်ဆိုရင် ဘယ်အချက်တွေကိုစပြီးလုပ်ဆောင်သင့်တယ်ဆိုတာကို အကြံပြုပေးချင်ပါတယ်။
(၁) စာသင်ခန်းထဲမှာ သင်ကြားနေရသကဲ့သို့ အွန်လိုင်းမှာ မိမိတက်ရောက်လိုတဲ့ ဘာသာရပ်ကို အလေးထားသင်ယူပါ။
အွန်လိုင်းသင်တန်းတွေတက်ပြီဆိုရင် မိမိကိုယ်ကို စည်းကမ်းလေးတစ်ခုသတ်မှတ်ပြီး စိတ်ရောကိုယ်ပါ လိုက်ပါဆောင်ရွက်ဖို့လိုပါတယ်။ အွန်းလိုင်းပေါ်မှာ လေ့လာရတဲ့အတွက် မိမိအားလပ်တဲ့အချိန်ကိုရွေးချယ်တက်ရောက်နိုင်တယ်ဆိုပေမယ့် အချိန်ကို ဟိုရွှေ့ဒီရွှေ့နဲ့ မတိမကျ မလုပ်သင့်ပါဘူး။ ဒါကြောင့်မို့ စာသင်ခန်းထဲမှာလေ့လာရသလိုပဲ အွန်လိုင်းသင်ခန်းစာကို အလေးထားပြီး စနစ်တကျသင်ယူမယ်ဆိုရင် သင်တန်းတွေကိုသွားတက်ရသလို အချိန်ကုန်လူပင်ပန်းခံစရာမလိုဘဲ အွန်လိုင်းသင်ခန်းစာတွေကတစ်ဆင့် ကောင်းမွန်တဲ့ရလဒ်တွေရရှိစေမှာဖြစ်ပါတယ်။
(၂) နေ့စဉ် သင်ခန်းစာပြီးမြောက်အောင် ဘယ်လောက်ထိ(သင်ခန်းစာ ဘယ်နှခုပြီးမြောက်အောင်) လေ့လာမယ်ဆိုတာကို တိတိကျကျ သတ်မှတ်ပေးထားပါ။ အွန်လိုင်းသင်ခန်းစာတွေ လေ့လာတော့မယ်ဆိုရင် တစ်နေ့တာ သင်ခန်းစာ ဘယ်နှစ်ခုပြီးအောင် လေ့လာမလဲဆိုတာကို သတ်မှတ်ချက်လေးထားပြီး လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် မိမိတစ်နေ့တာလေ့လာရန် ရည်ရွယ်ထားတဲ့ သင်ခန်းစာတွေကို တိတိကျကျလေး သတ်မှတ်ပေးဖို့လိုပါတယ်။ ဉပမာ - "တစ်ရက်တာအတွင်း သင်ခန်းစာ (၂) ခုရဲ့ ဗီဒီယိုကို လေ့လာမယ်၊ ပြီးရင် ဆရာမပေးထားတဲ့အိမ်စာကို ပြီးအောင် လုပ်မယ်"အစရှိသဖြင့် အသေးစိတ် သတ်မှတ်ပေးပါ။ အခုလိုသတ်မှတ်ပေးပြီးပြီဆိုရင် ရည်မှန်းထားတဲ့အတိုင်း ပြီးမြောက်အောင်လုပ်နိုင်မှာပါ။
(၃) သင်ခန်းစာတွေကို နေ့စဉ် ပုံမှန်လေ့လာတဲ့ အချိန်တစ်ခုကို အချိန်ဇယား (ပြက္ခဒိန်) သတ်မှတ်ပေးပါ။
မိမိ ဖုန်းထဲမှာရှိတဲ့ ပြက္ခဒိန်မှာပဲဖြစ်ဖြစ် စာအုပ်ထဲမှာပဲဖြစ်ဖြစ် အွန်လိုင်းသင်ခန်းစာတွေလေ့လာဖို့ မိမိပေးနိုင်မယ့်အချိန်တစ်ခုကို ကြိုတင်သတ်မှတ်ပေးထားပါ။ သင်ဟာ သတ်မှတ်ထားတဲ့အချိန်အတိုင်း နေ့စဉ်လုပ်ဆောင်ကြည့်မယ်ဆိုရင် ပုံမှန်လေ့လာဖြစ်သွားပါလိမ့်မယ်။ သင်ခန်းစာအတွက် လေ့လာမည့်အချိန်ကတော့ မိမိ အမှန်တကယ် အာရုံစိုက် လေ့လာနိုင်မယ့် အချိန်တစ်ခုဖြစ်ဖို့လိုအပ်ပါတယ်။
(၄) အွန်လိုင်းသင်ခန်းစာတွေ လေ့လာဖို့ နေရာလေးတစ်ခု သတ်မှတ်ပေးပါ။ အွန်လိုင်းသင်တန်းတက်တဲ့အခါ မိမိလေ့လာမယ့်နေရာလေးတစ်ခု သတ်မှတ်ပေးထားမယ်ဆိုရင် မိမိရဲ့လေ့လာစူးစမ်းမှု ပိုအားကောင်းစေနိုင်ပြီး ပိုမိုထိရောက်စေနိုင်ပါတယ်။ နေရာရွေးတဲ့အခါမှာ အင်တာနက်ကောင်းစွာရနိုင်မယ့်နေရာများ၊ သင်ခန်းစာအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ စာအုပ်တွေနဲ့နီးတဲ့နေရာတွေရွေးချယ်ခြင်း၊ မိမိနေရာမှာ နားကြပ်၊ ကွန်ပျူတာ၊ ဖုန်း အစရှိသဖြင့် သင်ကြားရေးတွင် လိုအပ်သည့် ပစ္စည်းတွေ အဆင်သင့်ထားရှိဖို့ လိုအပ်ပါတယ်။
(၅) တချိန်တည်းမှာ အလုပ်တစ်ခုကိုသာ အာရုံစိုက်ပြီးလုပ်ဆောင်ပါ။
အလုပ် နှစ်ခု သုံးခု တစ်ပြိုင်တည်းလုပ်သူတွေထက် တစ်ချိန်တည်းမှာ အလုပ်တစ်ခုကိုပြီးမြောက်အောင် အာရုံစိုက်လုပ်ဆောင်ခြင်းဟာ မိမိရဲ့အာရုံစူးစိုက်မှု ပိုမိုအားကောင်းစေပြီး မိမိလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ပိုမိုပြီးစီးနိုင်ပါတယ်။ ဒါကြောင့်မို့ အွန်လိုင်းသင်ခန်းစာတွေ လေ့လာတဲ့အခါ မိမိလေ့လာရမယ့်သင်ခန်းစာတစ်ခုတည်းကိုသာ အာရုံစိုက်လေ့လာ့ခြင်းဟာ အချက်အလက်တွေ ပိုမိုမှတ်သားနိုင်မှာ ဖြစ်ပါတယ်။
(၆) သင်ခန်းစာတွေလေ့လာသည့်အခါ စာအုပ်လေးနဲ့ မှတ်စုရေးမှတ်ထားပါ။ အွန်လိုင်း ဗီဒီယိုသင်ခန်းစာတွေ လေ့လာမယ်ဆိုရင် မိမိရဲ့ ကိုယ်ပိုင်စာအုပ်လေးမှာ မှတ်စုရေးသားခြင်းဟာလည်း မိမိလေ့လာတဲ့သင်ခန်းစာနှင့်ပတ်သက်ပြီး အတွေးအခေါ်ကောင်း(အသစ်)တွေ ရရှိခြင်း၊ သင်ခန်းစာကို ပိုမိုနားလည်နိုင်ခြင်းနှင့် သင်ခန်းစာတွေကို ပိုမိုမှတ်မိနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေရရှိမှာစ်ပါတယ်။ မည်သည့်နေရာတွင်မဆို သင်ခန်းစာများလေ့လာရာတွင် ပိုမိုနားလည် မှတ်မိစေဖို့အတွက်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုကတော့ မှတ်စုရေးသားခြင်းပဲ ဖြစ်ပါတယ်။
(၇) သင်ခန်းစာတွေနဲ့ပတ်သက်ပြီး တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးပါ။
အွန်လိုင်းဖိုရမ်တွေ (Events, Forums, Q & A Sections) မှာ ပါဝင်ဆွေးနွေးတဲ့အခါမှာလည်း မိမိလေ့လာတဲ့သင်ခန်းစာ အကြောင်းအရာအပေါ်မူတည်၍ မေးခွန်းတွေ မေးပေးပါ၊ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးပါ။ တိုက်ရိုက်မဟုတ်ရင်တောင် သင်ခန်းစာ ဗီဒီယိုပို့(စ်)တွေရဲ့အောက်မှာ မိမိမေးချင်သည့်အရာတွေကို ဝင်ရေးခြင်း၊ အခြားသူရဲ့ ဆွေးနွေးချက်တွေကို ဖတ်ခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ အခုလို တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးခြင်းအားဖြင့်လည်း သင်ခန်းစာတွေကို စာသင်ခန်းထဲတွင် လေ့လာရသကဲ့သို့ ပိုမိုနားလည်နိုင်ပါလိမ့်မယ်။ (၈) အွန်လိုင်းပေါ်တွင် မိမိသင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ရှောင်ရှားပေးပါ။
အွန်လိုင်းကနေ လေ့လာရတာဖြစ်တဲ့အတွက် စာသင်ချိန်ကို အနှောင့်အယှက် အဖြစ်ဆုံးအရာတွေဖြစ်တဲ့ ဖေ့စ်ဘုတ်သုံးခြင်း၊ အွန်လိုင်းပေါ်မှာ သူငယ်ချင်းတွေနှင့် စကားပြောခြင်းတို့ကို ရှောင်ရှားဖို့လိုပါတယ်။ ဒါကြောင့်မို့ မိမိရဲ့ဆိုရှယ်မီဒီယာ အသုံးပြုတဲ့ အက်ပလီကေးရှင်းတွေရဲ့ Noti ပိတ်ထားခြင်းနှင့် ဖေ့စ်ဘုတ်အကောင့်ကို ခဏ Log out ထားခြင်းတို့ကို အွန်လိုင်းသင်ခန်းစာ လေ့လာတဲ့အချိန်အတွင်း ပြုလုပ်ထားသင့်ပါတယ်။
(၉) အနားယူပါ။
သင်ခန်းစာများလေ့လာပြီးတိုင်း မိမိရဲ့ ဉီးနှောက်ကို အနားပေးခြင်းဟာ ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ရရှိစေဖို့အတွက် အဓိကကျသည့်အရာတစ်ခုပဲ ဖြစ်ပါတယ်။ သင်ဟာ တစ်နာရီလောက် အလုပ်ဆက်တိုက်လုပ်နေပေမယ့်လည်း တစ်ခုခုရလဒ်မရှိ ဖြစ်နေတယ်ဆိုရင် အနားယူပေးဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်အလုပ်လုပ်နိုင်မှုဟာ နာရီဝက် (သို့) ၄၅ မိနစ်လောက်က သင်ခန်းစာတွေကို မှတ်သားနိုင်စွမ်းအား အကောင်းဆုံး အချိန်အတိုင်းအတာတစ်ခုဖြစ်တာမို့ ဦးနှောက်ကို ခဏလောက် (၅ မိနစ်၊ ၁၀ မိနစ်ခန့်) အနားပေးပြီး ပြန်လုပ်မယ်ဆိုရင် အရင်ကဖြေရှင်းရခက်တဲ့အရာတွေကိုတောင် ဖြေရှင်းနိုင်မယ့် အတွေးအခေါ်သစ်တွေကို တစ်ဖန်ပြန်လည်ရရှိစေနိုင်ပါတယ်။ ဒါကြောင့်မို့ သင်ခန်းစာတွေကို အချိန်အကြာကြီးဆက်တိုက်လေ့လာခြင်းမပြုဘဲ သင်ခန်းစာတစ်ခုလေ့လာပြီးတိုင်း ခဏတာအနားယူပေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။
Content : Shwe Yee Thet
Design : Htet Aung
Ref : https://www.northeastern.edu/graduate/blog/tips-for-taking-online-classes/ Ref : https://blog.coursera.org/8-tips-for-effective-online-learning/