မချိုဇင်သန် (IR, ရန်ကုန်တက္ကသိုလ်)နှင့် တွေ့ဆုံခြင်း
(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။
မင်္ဂလာပါ။ အစ်မရဲ့ နာမည်ကတော့ မချိုဇင်သန်း ဖြစ်ပါတယ်။ ချိုဇင်လို့ ခေါ်လို့ရပါတယ်။ အစ်မက ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်နဲ့ ၂၀၁၉ ဒီဇင်ဘာတုန်းက ဘွဲ့ရထားတာပါ။
(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။
အမှန်ပြောရရင် အစ်မ ၁၀ တန်းပြီးတော့ တက်ဖြစ်တဲ့ဘာသာက နိုင်ငံတကာဆက်ဆံရေး ဖြစ်မယ်လို့ လုံးဝ မထင်မိထားဘူး။ ၁၀ တန်းမတိုင်ခင်က အစ်မကိုယ်အစ်မတောင် ဘာဖြစ်ချင်မှန်းမသိခဲ့တာ အမှန်ပဲ။ အိမ်က ဆရာဝန် ဆိုတော့ ဆရာဝန်။ သူငယ်ချင်းတွေထဲက မိန်းထဲက ဘာသာဆို မိန်းထဲက ဘာသာလိုက်ဖြစ်နေတော့တာ။ ကိုယ်တကယ်တက်ချင်တဲ့ ဘာသာက ဘာမှန်းဆိုတာကို သေသေချာချာ မစဉ်းစားခဲ့မိဘူး။ ဒါပေမယ့် ၁၀ တန်းပြီးတော့ အိမ်က ဖြစ်စေချင်တဲ့ ဆရာဝန်ဖြစ်ဖို့ကလည်း အမှတ်မမှီတော့ ကိုယ်ဘာတက်မလဲဆိုတာ လိုက်ရှာရပြီလေ။ အဲဒီမှာ ဒီနိုင်ငံတကာ ဆက်ဆံရေးဆိုတဲ့ ဘာသာကို စတွေ့တာပဲ။ အစ်မက အရင်ကတည်းက သင်္ချာအားနည်းတယ်။ ဆရာမက သင်္ချာတွက်ပြရင် သူများတွေက ဖြတ်ထိုးဉာဏ်ရှိတော့ အဆင့်ကျော်တွက်ပြလည်း နားလည်တယ်။ အစ်မက အဲလိုအဆင့်ကျော်တွက်လိုက်တာနဲ့ ကျန်ခဲ့တော့တာပဲ။ ပြီးတော့ အစ်မက အစ်မ nature အရကို စဉ်းစားရတာအရမ်းကြိုက်တယ်။ ကိုယ့်သဘောနဲ့ ကိုယ့် opinion တွေကို လွတ်လွတ်လပ်လပ် ဘောင်တွေ၊ အကန့်တွေ မရှိဘဲ ပြောရတာ၊ ရေးရတာကို ကြိုက်တယ်။ ပြီးတော့ အဲဒါအပြင် နိုင်ငံတွေအကြောင်းကို လေ့လာရတာ ကြိုက်တယ်။ ကိုယ်တိုင်လည်း ကမ္ဘာပတ်ချင်တဲ့လူဆိုတော့။ အဲလိုနဲ့ အစ်မနဲ့သိတဲ့ အန်တီတစ်ယောက်က နိုင်ငံတကာဆက်ဆံရေးဆိုတာကို အကြံပေးတော့ အစ်မ nature ရယ်၊ အစ်မ လုပ်ချင်တာရယ်နဲ့ ကိုက်တယ်လို့ ထင်ပြီး လျှောက်ဖြစ်တာပဲ။ အစက အရွေးမခံရတော့ဘူးတောင် ထင်တာ။ ကံကောင်းချင်တော့ နောက်ဆုံးဖြတ်မှတ်နဲ့ အစ်မ တက်တဲ့နှစ်က ဝင်သွားတာပဲ။ မတက်ခင်တုန်းကတော့ ချင့်ချိန်ပြီး စမ်းတဝါးဝါးနဲ့ စတက်ခဲ့ပေမယ့် တက်ရတဲ့ နှစ်ကြာလေ အစ်မ ဒီဘာသာရပ်ကို ရွေးမိတာ မှန်ပြီလို့ ထင်လေပဲ။ နိုင်ငံတွေအကြောင်း အခြေခံလေးကနေအစ သူတို့တွေရဲ့ ဆက်ဆံရေးတွေ၊ သူတို့ကြားက power play တွေ၊ ဖြစ်နေတဲ့ conflict တွေ၊ နိုင်ငံရေးရဲ့ အခြေခံ သဘောသဘာဝတွေက အစ United Nationas, EU, ASEAN လို ကမ္ဘာ့အဖွဲ့အစည်းတွေနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေအကြောင်း အကုန်လုံးက အစ်မအတွက် အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီအပြင် နိုင်ငံတကာဆက်ဆံရေးမှာ ဘောဂဗေဒပိုင်းနဲ့ ဥပဒေပိုင်းကို ဆက်နွယ်ပြီးလေ့လာရတာကို အစ်မ အကြိုက်ဆုံးပဲ။ International Law နဲ့ International Human Rights က အစ်မရဲ့ favourite subject တွေလို့ ပြောလို့ရတယ်။ ဒီထက်ပိုပြီးတော့ အသေးစိတ်တဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ ဆက်နွယ်တဲ့အပိုင်းကိုလည်း အစ်မ ဆက်ပြီး မဟာဘွဲ့အတွက် လေ့လာဖို့ plan ဆွဲနေတယ်။
(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။
ဆိုတော့ အစ်မ ခုနက ပြောပြတဲ့ ဘာသာရပ်တွေ ဆိုတာအကျဉ်းချုံးလေးပဲရှိသေးတယ်။ နိုင်ငံတကာဆက်ဆံရေး ဘာသာကို အစ်မအမြင်နဲ့ပြောရရင် generalised ဖြစ်တဲ့ မေဂျာတစ်ခုလို့ ပြောလို့ရတယ်။ နိုင်ငံတွေရဲ့ ဆက်ဆံရေးအကြောင်းအတွက် လိုအပ်တဲ့ သံတမန်ရေးရာ၊ ပဋိပက္ခ ဖြေရှင်းကိုင်တွယ်ပုံ ဘာသာရပ်အသေးလေးတွေအပြင် အခြားသော ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ၊ ဥပဒေတို့နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကိုလည်း minor အနေနဲ့ ပထမနှစ်၊ ဒုတိယနှစ်တွေမှာ ရွေးယူလို့ရတယ်။ ဒါတွေအကုန်လုံးကို အစ်မတို့ ဘွဲ့ကြိုမှာ လေးနှစ် သို့မဟုတ် ငါးနှစ် လေ့လာ ထိတွေ့ပြီးသွားရင် မဟာဘွဲ့အတွက် အဲဒီထက် အသေးစိတ် ကိုယ်လေ့လာချင်တဲ့၊ စိတ်လည်း ဝင်စားတဲ့ IR နဲ့ ဆက်နွယ်တဲ့မေဂျာတစ်ခုကို ဆက်တက်လို့ရတယ်။ International Developement ပိုင်း၊ Security ပိုင်း၊ Political Economy ပိုင်း အစရှိသဖြင့် ကိုယ့်မှာ ရွေးချယ်စရာတွေ အများကြီးကျယ်ကျယ်ပြန့်ပြန့်ရှိတယ်။ အဲဒီတော့ အစ်မ အခု အကျဉ်းချုံးပြောပြခဲ့တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ join ပါလို့ အကြံပေးချင်တယ်။ အစ်မတို့တုန်းကဆိုရင် ၁၀ တန်းမှာ သိပ္ပံတွဲနဲ့ပြီးတာတောင် IR ကို join ဖြစ်ခဲ့တာ။ ဆိုတော့ ၁၀ တန်းတုန်းက Bio ယူခဲ့တာပဲ ဆိုပြီးလည်း hesitate မဖြစ်ဘဲ join လို့ရပါတယ်လို့။
(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။
အဲဒါအပြင် တက္ကသိုလ်တက်တုန်း join လို့ရတဲ့ exchange program တွေ၊ တက်လို့ရတဲ့ IR နဲ့ပတ်သက်တဲ့ conference တွေ၊ Model United Nations နဲ့ Model ASEAN Meeting လို စိတ်ဝင်စားဖို့ကောင်းတဲ့ အခွင့်အလမ်းတွေလည်း အများကြီးရှိတဲ့အတွက် အစ်မကတော့ ဒီဘာသာရပ်ပိုင်းမှာ စိတ်ဝင်စားတဲ့သူတွေကိုတက်ဖို့၊ ရတဲ့ opporunity တွေကို ကောင်းကောင်း အသုံးချဖို့ အကြံပေးချင်ပါတယ်။
Content : Kyal Sin Phu
Design : Htet Aung
Comments