ကိုသူရိန်ဇံ (ဆေးတက္ကသိုလ် ၁၊ ရန်ကုန်) နှင့်တွေ့ဆုံခြင်း
Youth for Youth ( Thu Rein Zan)
"လူငယ်အတွက် လူငယ်"လို့ အမည်ပေးကာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ရွေးချယ်ခဲ့ဖြစ်ပုံလေးတွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လုပ်ရခြင်း အကြောင်းရင်းကတော့ တက္ကသိုလ်ရွေးချယ်ခြင်းနဲ့ ဘာသာရပ်ရွေးချယ်တဲ့အခါ အထောက်အကူပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ဆက်ပေးခြင်းဖြစ်ပါတယ်။
ကိုသူရိန်ဇံ (ဆေးတက္ကသိုလ် ၁၊ ရန်ကုန်) နှင့်တွေ့ဆုံခြင်း
(၁) အမည်၊ ဘာသာရပ်၊ တက္ကသိုလ် စတာလေး မိတ်ဆက်ပေးပါဦး။
ဆေးတက္ကသိုလ် (၁) ရန်ကုန်မှာ နောက်ဆုံးနှစ်အမ်ဘီဘီအက် အပိုင်း (က) တက်ရောက်သင်ယူမယ့် မောင်သူရိန်ဇံ ဖြစ်ပါတယ်ခင်ဗျာ။
(၂) ဒီဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း သို့ နှစ်ခြိုက်မိတာလေးကို ပြောပြပေးပါဦး။
ဆေးကျောင်းဘာလို့တက်ဖြစ်တာလဲဆိုတော့ ငယ်ငယ်ထဲက ကျန်းမာရေးအတော်လေးချူချာပါတယ်။
အဲ့တော့ ဆေးခန်းနဲ့အိမ်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုပဲ တစ်ချိန်လုံးလိုလို သွားခဲ့ရတာပေါ့။ ငယ်ငယ်က နေမကောင်းဖြစ်တိုင်း အမြဲတမ်းပြနေကျ ဆရာဝန်တစ်ယောက်ရှိတယ်။ ကလေးအထူးကုဆရာဝန် ဆရာမကြီး ဒေါက်တာဒေါ်သန်းနုရွှေပါ။ ဆရာမကြီးရဲ့ ဆေးကုပုံတွေ၊ လူနာကို ပြောဆိုဆက်ဆံပုံတွေကိုကြည့်ပြီး တော်တော်အားကျခဲ့ရပါတယ်။ ငါလဲတစ်နေ့တော့ ဆရာမကြီးလိုဆရာဝန်ဖြစ်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးက စိတ်ထဲမှာရှိနေတာ ငယ်ငယ်လေးကတည်းကပါပဲ။ဆရာမကြီးပြောဖူးတဲ့ စကားတစ်ခွန်းကို အခုထိ အမှတ်ရနေသေးတယ်။
"တာဝေးအပြေးသမားတစ်ယောက်က ပြေးရင် ဘယ်တော့မှ အစကတည်းက အသားကုန်မပြေးရဘူး။ မဟုတ်ရင် ပန်းဝင်ခါနီးမှ အမောမခံနိုင်ဘဲ ရှုံးရတတ်တယ်။ အစမှာပုံမှန်လေးပဲ ကြိုးစားပြီး ပန်းတိုင်နားနီးမှ အသားကုန်အားထုတ်ပြီး မီးကုန်ရမ်းကုန်ပြေးတဲ့သူကပဲ အနိုင်ရတာ"ဆိုတဲ့ စကားလေးပါပဲ။ အဲ့စကားကြောင့် ဆေးကျောင်းရောက်လာတာပါ။
ပြီးတော့လဲ ဆရာဝန်က ဆေးကုပေးလို့ နေပြန်ကောင်းသွားရင် သိပ်ပျော်တာပဲ။ အဲ့သလိုပဲ အမေကလဲ ပြောတယ်။ "သားဒီလိုနေပြန်ကောင်းတော့ ပျော်သလိုပဲ သားလဲသူများကို ဆေးကုပေးလို့ ရောဂါပျောက်သွားရင် သူတို့လဲ ဘယ်လောက်ပျော်ရမလဲ"တဲ့။ အဲ့လိုကနေပြီး ငါလဲတစ်နေ့ ဆရာဝန်ဖြစ်အောင်လုပ်မယ်ဆိုပြီး ကြိုးစားရင်းနဲ့ ဆေးကျောင်းရောက်လာတယ်ပေါ့ဗျာ။
(၃) လေ့လာရမယ့်ဘာသာရပ်တွေအကြောင်း အတွေ့အကြုံလေးကို ညီငယ် ညီမငယ်တွေအတွက် ဝေမျှပေးပါဦး။
ပထမနှစ် (အခု Foundation Year) နဲ့ ဒုတိယနှစ်ကတော့ တစ်ခြားသူတွေလဲ ပြောပြီးပြီဆိုတော့ အဓိကအားဖြင့် တတိယနှစ်မှာ ဘာတွေသင်ရလဲဆိုတာ ပြောပြချင်ပါတယ်။ ဆေးကျောင်း၅ခုလုံးမှာ သင်ရတဲ့ပုံစံတွေနဲ့ ဘာသာရပ်တွေက အားလုံးအတူတူပါပဲ။
တတိယနှစ်ရောက်ရင် ကျောင်းမှာပဲ စာသင်ရတာတင်မဟုတ်တော့ပါဘူး။ ဆေးရုံတွေဆီလဲ သွားရပြီး စာသင်ရ၊ လက်တွေ့လူနာစမ်းရပါတယ်။ နံနက်ဆို ဆေးရုံမှာသင်၊ နေ့လယ်ဆို ကျောင်းပြန်ပြီး ကျောင်းမှာဆက်သင်ရပါတယ်။ ကျောင်းမှာတော့ သုံးဘာသာ သင်ရပြီး ဆေးရုံမှာတော့ နှစ်ဘာသာသင်ရပါတယ်။
ကျောင်းမှာသင်ရတဲ့ဘာသာရပ်တွေကို တစ်ခုချင်းစီ အသေးစိတ်ပြောပြလိုပါတယ်။
ဒုတိယနှစ်မှာက လူတစ်ယောက်ရဲ့ ပုံမှန် ဇီဝကမ္မဖြစ်စဥ် (normal physiological processes) တွေ၊ လူ့ကိုယ်ခန္ဓာအကြောင်းတွေကို သင်ယူခဲ့ရတော့ တတိယနှစ်ရောက်တဲ့အခါမှာ (abnormal pathological processes)တွေအကြောင်း သင်ရပါတယ်။
General Pathology လို့ခေါ်တဲ့ အထွေထွေရောဂါဗေဒဘာသာရပ်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဘယ်နေရာ (ဥပမာ - ဘယ် hormone) ဘာချို့ယွင်းရင် ဘာရောဂါတွေဖြစ်မလဲ၊ သူတို့ရဲ့ အခေါ်အဝေါ်တွေက ဘာတွေလဲ၊ အဲ့လိုရောဂါဖြစ်ရင် ဘယ်လိုပုံစံတွေ့ရမလဲဆိုတာကို အမြည်းသဘောမျိုးကျွေးတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ အသေးစိတ်ကျကျကိုတော့ Final Part 1 မှာ Systemic Pathology ဆိုပြီး ဆက်သင်ရပါမယ်။ လက်တွေ့ (practical) အနေနဲ့ကတော့ morbid လို့ခေါ်တဲ့ ဆေးစိမ်ထားတဲ့ ရောဂါဖြစ်နေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လေ့လာရပါတယ်။ microscope ကနေ ရောဂါဖြစ်ရင် cells တွေ၊ tissue တွေ ပုံမှန်အခြေအနေကနေ ဘယ်လိုပြောင်းလဲသွားလဲဆိုတာတွေကို လေ့လာရပါတယ်။
အဲ့လိုရောဂါဖြစ်ရတာက ရောဂါပိုးကြောင့်လား (ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးကောင်၊ မှို စသဖြင့်) ဆိုတာသိဖို့အတွက်ကိုလည်း ပိုးမွှားတွေကိုလေ့လာရတဲ့ Microbiology (အဏုဇီဝဗေဒ) ဘာသာရပ်ကိုလည်း သင်ရပါတယ်။ ဘယ်ပိုးက ဘာရောဂါဖြစ်စေတယ်၊ ဘယ်ပိုးကတော့ ကပ်ရောဂါအထိ ဖြစ်စေနိုင်တယ်ဆိုတာတွေပေါ့။ Microscope အောက်မှာ bacteria တွေ၊ parasite တွေ ဘယ်လိုပုံစံရှိလဲဆိုတာကိုလဲ ဓာတ်ပုံတွေနဲ့သင်ရပါတယ်။
အဲ့လိုရောဂါဖြစ်လာရင် ဘယ်လိုကုသမလဲ၊ ကုသတဲ့အခါ ဘာဆေးပေးမလဲဆိုတဲ့ အကြောင်းအရာကိုကျ Pharmacology လို့ခေါ်တဲ့ ဆေးဝါးဗေဒမှာ ဆက်သင်ရပါတယ်။ ဘယ်ရောဂါဆို ဘယ်ဆေးပေးမလဲ၊ ဘယ်ဆေးကို ဘယ်လောက်ပမာဏပေးမလဲ၊ ဆေးတွေရဲ့ အာနိသင်၊ ဘေးထွက်ဆိုးကျိုး၊ ဆေးသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကိုရောက်တယ်၊ အကြွင်းအကျန်တွေကို ဘယ်အင်္ဂါကစွန့်ပစ်တယ် အစရှိသဖြင့် အသေးစိတ်သင်ယူရပါတယ်။
စာမေးပွဲဖြေရတဲ့ပုံစံက အရင်နှစ်တွေနဲ့ သိပ်မကွာပါဘူး။ Classwork 30%, Final Theory - 50%, Final Practical - 20% ဆိုပြီး အမှတ်ယူပါတယ်။ Classworkမှာ Theory စာမေးပွဲ ၃ခု ၊ Practical / Pharmaco Paper 2 တစ်ခု ဖြေဆိုရပါတယ်။ Compartment system ဖြစ်တာမို့ Classwork, Final Theory, Final Practical သုံးပိုင်းလုံးမှာ အောင်ဖို့လိုပါတယ်။ တစ်ပိုင်းလောက်ကို ကပ်ကျရင် Moderation (အဝါ)လို့သတ်မှတ်ပြီး အအောင်တော့ ပေးပါတယ်။ နှစ်ပိုင်းလောက်ထိ ဝါရင်တော့ ဘောလုံးစကားနဲ့ဆို နှစ်ဝါ၊ တစ်နီနဲ့ စာမေးပွဲကျပါတယ်။ အဲ့လိုပဲ တစ်ပိုင်းထဲမှာ အတော်အခြေအနေဆိုးပြီး moderation အမှတ်အောက်ရောက်ရင် နီတယ်လို့သတ်မှတ်ပြီး စာမေးပွဲကျပါတယ်။ ဒါကြောင့် ဆေးကျောင်းစာမေးပွဲတွေက မလွယ်ဘူးဆိုပေမယ့်လည်း ပုံမှန်စာလုပ်ပြီး စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အချိန်ကိုသေချာချင့်ချိန်ပြီး ဖြေတတ်ရင်တော့ အေးဆေး စာမေးပွဲအောင်နိုင်ပါတယ်။ Senior တွေပြောသလိုပဲ "Don't Study Hard, Study Smart!"🤓 ဆိုတဲ့အတိုင်း စနစ်တကျနဲ့ လိုတဲ့အချက်တွေကို သေချာလေ့လာပြီး ဖြေဆိုရင်တော့ အဆင်ပြေတာကိုတွေ့ရပါတယ်။
ဆက်လက်ပြီး ဆေးရုံ clinical မှာသင်ရတဲ့ ဘာသာရပ်တွေအကြောင်း ဆက်ပြောလိုပါတယ်။ ဆေးရုံဘာသာရပ်တွေက Final Part 2 အတွက်ပဲ အမှတ်ယူတာဖြစ်ပါတယ်။ တတိယနှစ်အောင်ဖို့ ထည့်မတွက်ဘူးဆိုပြီး တချို့က ဆေးရုံလည်း မသွား၊ လူနာလည်း သေချာမစမ်းကြဘူး။ ဒါပေမယ့် Final Part 2 မှာက အမှတ်ရဖို့ အင်မတန်ခက်တာကြောင့် Third MB ကတည်းက ရသလောက် အမှတ်တွေယူထားဖို့ အရေးကြီးပါတယ်။
Medicine လို့ခေါ်တဲ့ ဆေးပညာမှာတော့ ခန္ဓာကိုယ်ရဲ့ အဓိကစနစ်ကြီး ၄ ခုဖြစ်တဲ့ Respiratory System, Nervous System, Cardiovascular System, Gastrointestinal System ရယ်၊ တခြား system အသေးလေးတွေလည်း သင်ရပါတယ်။
သင်တဲ့အခါ History Taking လို့ခေါ်တဲ့ လူနာရောဂါရာဇဝင်မေးပုံမေးနည်းနဲ့ Physical Examination လို့ခေါ်တဲ့ လူနာကိုဘယ်လိုစမ်းသပ်ရမလဲ ဆိုတာတွေကို လူနာတွေဆီမှာ ကိုယ်တိုင်လက်တွေ့စမ်းသပ်ပြီးတော့ သင်ရတာဖြစ်ပါတယ်။ ဆေးရုံ Posting ကလည်း တစ်ခုထဲသွားရတာမဟုတ်ဘဲ ၃ ခုလောက် အလှည့်ကျသွားရမှာဖြစ်ပါတယ်။
စာမေးပွဲအနေနဲ့ကတော့ System ကြီး ၄ ခုအတွက် bedside လို့ခေါ်တဲ့ လက်တွေ့စာမေးပွဲ ၃ ခုလောက် ဖြေရပါတယ်။ theory မှာတော့ system အားလုံးရဲ့ MCQ စစ်ပါတယ်။ အဲ့ဒါအားလုံးပေါင်းရဲ့ 10% ကိုတော့ Final Part 2 အမှတ်အနေနဲ့ ထည့်ပေါင်းပါတယ်။ 10% မို့နည်းတယ်မထင်ပါနဲ့။ ဆေးကျောင်းမှာ 0.1 မှတ်ကလေးနဲ့ အအောင်အရှုံးကွာသွားနိုင်တာမို့ တော်တော်ကိုအရေးပါတဲ့အမှတ်ပဲဖြစ်ပါတယ်။ 😱
နောက်ဘာသာရပ်ကတော့ Surgery လို့ခေါ်တဲ့ ခွဲစိတ်ကုဘာသာရပ်ပေါ့။ သူကတော့ တတိယနှစ်မို့ ကိုယ်တိုင်မခွဲရသေးပေမယ့် မခွဲခင် ဘယ်လိုစလုပ်မလဲဆိုတဲ့ History taking, Physical Examination တွေ သင်ယူရပါတယ်။ ဥပမာအားဖြင့် Hernia, Breast, Abdomen, Thyroid နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ သင်ရပါတယ်။ ပြီးရင် Operation Theatre(OT) လို့ခေါ်တဲ့ ခွဲစိတ်ခန်းထဲဝင်ပြီး ဆရာကြီး၊ ဆရာမကြီးတွေ ခွဲစိတ်နေတာကိုလည်း လေ့လာလို့ရတဲ့အတွက် အင်မတန်ပျော်စရာကောင်းပါတယ်။ 😇
စာမေးပွဲအနေနဲ့တော့ Theory ဆိုပြီး MSQ ၁၀ ပုဒ်နဲ့ Bedside ဆိုပြီး ဖြေဆိုရပါတယ်။ ဒီအမှတ်တွေရဲ့ 6% ကို Final Part 2 အမှတ်အနေနဲ့ထည့်ပေါင်းပါတယ်။ တတိယနှစ်မှာသာ အောင်ထားမယ်ဆိုရင် Final Part 2 မှာ အမှတ်ရဖို့ သိပ်ရုန်းကန်စရာမလိုတော့ပါဘူး။
ဆေးရုံစာမေးပွဲဖြေရင် လက်တွေ့ကိုယ်တိုင်လုပ်ဖူးမှ ဖြေလို့လွယ်တာမို့ လူနာဆီသွားပြီးစမ်းသပ်တာ မဖြစ်မနေ လုပ်ကိုလုပ်ရပါမယ်။ နောက်တစ်ခုက ကိုယ်ချည်းပဲစာရနေရုံနဲ့ မလုံလောက်ပါဘူး။ လူနာနဲ့ ကောင်းကောင်းမွန်မွန် communicate လုပ်နိုင်ဖို့၊ ရောဂါရာဇဝင်ကိုကြားတာနဲ့ နာမည် (Diagnosis) တပ်နိုင်ဖို့ဆိုရင် ဆေးရုံပုံမှန်သွားပြီး case များများကို မြင်ဖူး၊ ကြားဖူးထားမှ bedside စာမေးပွဲမှာ confidence အပြည့်နဲ့ဖြေနိုင်မှာပါ။ ဒါ့အပြင် ကံ၊ ဉာဏ်၊ ဝီရိယ သုံးခုစလုံး ပြည့်စုံဖို့လိုပါတယ်။ သဘောကောင်းတဲ့ဆရာနဲ့တွေ့ဖို့ကို ဘုရားရှိခိုး၊ ဆုတောင်းထားဖို့ကလဲ အရေးကြီးပါတယ်။ 😁
အတိုချုပ်ပြောရမယ်ဆိုရင် တတိယနှစ်မှာ ကျောင်းမှာ ၃ ဘာသာ၊ ဆေးရုံမှာ ၂ ဘာသာ ၊ စုစုပေါင်း ၅ ဘာသာသင်ရမှာဖြစ်ပါတယ်။ အားလုံးကတော့ အရေးကြီးတာပါပဲ။ အဲ့မှာမှ အပေါ်ကပြောသလိုပဲ "Don't study hard, Study smart"ဆိုတဲ့အတိုင်း စမတ်ကျကျ လေ့လာမယ်ဆိုရင် အခက်အခဲမရှိအောင်မြင်နိုင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းတက်မယ့် ညီငယ်၊ ညီမငယ်တွေက စနစ်သစ်နဲ့ သင်ရမှာမို့ ဘာသာရပ်တွေတော့တူပေမယ့် assessement တို့၊ သင်ကြားတဲ့နည်းတွေတော့ အစ်ကိုတို့နဲ့ ကွာနိုင်ပါတယ်။ Integrated curriculum မို့လို့ Year 1 ထဲကစပြီး 2nd MB, 3rd MB စာတွေကို system အလိုက် ရောပြီး သင်ဖို့များတယ်ထင်တယ်။ ညီငယ်ညီမငယ်များအတွက် နှုတ်ဆက်စကားကတော့ အစ်ကို့ senior တွေ အစ်ကို့ကို နှုတ်ဆက်ခဲ့သလိုမျိုး "Welcome to Hell" ပါလို့။ 😂
(၄) အကယ်၍ ထပ်ဖြည့်ပြောချင်တာလေးရှိရင် ပြောပေးခဲ့ပါဦး။
ဆေးကျောင်းတက်ရင် ရသ ၉ မျိုးလုံးကို တစ်နေရာထဲမှာ ခံစားရနိုင်ပါတယ်။ ကျောင်းမှာတော့ ကလပ်တွေ၊ ပွဲတွေလည်း တော်တော်များများရှိပါတယ်။ Art Club, Dance Club, Basketball Club, Music Club, Public Speaking Club စသဖြင့် club ပေါင်း ၂၀ ကျော်ရှိလို့ ကိုယ်စိတ်ဝင်စားတဲ့ club မှာ ပါဝင်လို့ရပါတယ်။ နောက်ပြီးတော့ Fun fair တို့၊ တန်ဆောင်တိုင်ပွဲတို့၊ တခြား event တွေလည်း အများကြီးလုပ်တဲ့အတွက် စာချည်းပဲလုပ်ရတာမဟုတ်ဘဲ Extracurricular activities တွေမှာပါ ပါဝင်လို့ရတာပေါ့။ အခုလို COVID- 19 ကာလမှာလည်း UM1 Thadingyut 2.0 ပွဲကြီးကို online ကနေ လုပ်သွားတာလည်းရှိပါတယ်။ အခုဆို UM1 Student Union နဲ့ National Blood Center တို့ ပူးပေါင်းတည်ထောင်ထားတဲ့ Red Rose Campaign ကဦးစီးတဲ့ Digital Art Competition လေးလဲကျင်းပလျက်ရှိတော့ ဝင်ပြိုင်လို့ရတာပေါ့။ ဆိုတော့ ဆေးကျောင်းရောက်လို့ တခြားဘာမှလုပ်လို့မရဘူးဆိုတာ မဟုတ်ပါဘူး။ စာလဲလုပ်ရတယ်၊ အပြင် activities တွေလဲပါလို့ ရပါတယ်။ University student life ကို အပြည့်အဝ ခံစားလို့ရပါတယ်။
စာမေးပွဲနားနီးရင်တော့ stress အလွန်များတဲ့အတွက် စိတ်ထားတတ်ဖို့လိုပါတယ်။ တကယ်စိတ်ဝင်စားပြီး ဝါသနာပါတဲ့သူဆိုမှပဲ ဆေးကျောင်းတက်ဖို့ ရွေးချယ်စေလိုပါတယ်။ မဟုတ်ရင် ၇ နှစ်ဆိုတဲ့ အချိန်ကြီးကို ဖြတ်သန်းရမှာ အရမ်းနှမြောစရာကောင်းပါတယ်။ ဒါကြောင့် ဆေးပညာကို တကယ်စိတ်ဝင်စားတဲ့သူတွေပဲ ရွေးချယ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။
Content - Wai Hnin Lai Phyu
Graphic - Htet Aung
Comments